“မင်းလက်ကလေး ကိုင်ချင်လွန်း… လို့တစ်စက္ကန့်လောက်ခွင့်ပြုပါ” ဆိုတဲ့ Rဇာနည်ရဲ့ သီချင်းလေးကို ကြားဖူးကြမယ် ထင်တယ်။ ချစ်သူကောင်မလေးရဲ့ နွေးထွေးတဲ့ (အေးစက်တဲ့) လက်ဖ၀ါးလေးတွေကို ကောင်လေးတွေ မြတ်မြတ်နိုးနိုး ကိုင်ဖူးချင်ကြမှာပါပဲ။ လက်ကိုင်တယ်ဆိုတာ အသားချင်းထိတွေ့တာထက် အဆတစ်ရာမကပိုတဲ့ အဓိပ္ပာယ်သဘောတွေကို ဖော်ဆောင်ပါတယ်။ ရည်းစားတွေမှ မဟုတ်ပါဘူး.. သူငယ်ချင်းတွေ၊ မောင်နှမတွေ၊ မိသားစုဝင်တွေဟာလည်း တစ်ယောက်ကို တစ်ယောက် အားပေးလိုတဲ့ သဘောတွေ၊ လက်ဖ၀ါးတွေဆီကနေတစ်ဆင့် နှလုံးသားထဲကို ခွန်အားတွေ ချစ်ခြင်းမေတ္တာတွေ စိမ့်ဝင်စီးဆင်းသွားစေဖို့ သဘောတွေနဲ့ လက်ကလေးတွေကို ညင်သာစွာ ကိုင်တွယ်လိုကြတယ် မဟုတ်လား။ ကျွန်မဆိုလည်း သူငယ်ချင်း အချင်းချင်းကို အားပေးလိုတဲ့ အချိန်မှာ လက်လေးတွေကို ဖြစ်ညှစ်ပြီး နင် အားတင်းထားစမ်းပါ ဆိုတဲ့သဘောနဲ့ လက်ကိုင်လေ့ရှိတယ်။ လက်ကိုင်တာ၊ ပွေ့ဖက်တာတွေဟာ စိတ်ဓါတ်အင်အားကိုလည်း တစ်ကယ်ဖြစ်စေပါတယ်။
ချစ်သူရည်းစားတွေကြားမှာဖြစ်ဖြစ်၊ သူငယ်ချင်းတွေကြားမှာပဲဖြစ်ဖြစ် လက်ကိုင်ခြင်းနည်းလမ်းတွေ များစွာရှိသလို တစ်ခုစီမှလည်း အဓိပ္ပယ်လေးတွေ တစ်မျိုးစီ ရှိတတ်ကြပါသေးတယ်။ တစ်ယောက်လက်ကလေးကို တစ်ယောက် ဘယ်လိုနည်းနဲ့ အကောင်းဆုံး အဓိပ္ပာယ်အရှိဆုံး ကိုင်ကြတယ်ဆိုတာလေးတွေကို ကျွန်မက ပြောပြပေးချင်ပါတယ်။
1. လက်ကလေးကို ငြိမ်သက်စွာကိုင်ကြမယ်။
ဒီနည်းလမ်းလေးကတော့ အရိုးရှင်းဆုံး လက်ကိုင်နည်းလေးပါပဲရှင်။ ကိုယ့်ချစ်သူလေးရဲ့ လက်ကလေးကို ငြိမ်ငြိမ်လေးနဲ့ မြဲမြဲလေး ဆုပ်ကိုင်ထားကြတဲ့ ပုံစံလေးပေါ့။ လူတွေကြားထဲ သွားလာကြတဲ့အခါမှာလည်း ဒီလိုလေးလက်ကိုင်ပြီးသွားတာဟာ Formal အကျဆုံးနည်းလေးတစ်နည်း ဖြစ်ပါတယ်။ ဒီအတွဲ ပူးပူးကပ်ကပ်နဲ့ ဘယ်လိုဖြစ်နေလဲကို မသိဘူး ဆိုတဲ့ စကားသံမျိုးတွေကလည်း ကင်းဝေးစေမှာဖြစ်ပါတယ်။ ဒီနည်းလေးကတော့ ရိုးရှင်းပေမယ့် နှလုံးသားချင်း ခိုင်မြဲစွာချိတ်ဆက်ထားကြစေဖို့ အရေးပါတဲ့ ပြင်ကထိတွေ့ ဆက်ဆံခြင်းလေးပဲ ဖြစ်ပါတယ်တဲ့ရှင်။
2. လက်ချောင်းလေးတွေကို ချိတ်ဆက်ယှက်နွယ်ပြီးကိုင်နည်း
တစ်ယောက်လက်ချောင်းလေးတွေကို နောက်တစ်ယောက်နဲ့လက်ချောင်းလေးတွေနဲ့ ချိတ်ဆက်ပြီးကိုင်တဲ့ လက်ကိုင်နည်းလေးပေါ့။ တစ်ယောက်နဲ့ တစ်ယောက်ကို ပိုမိုရင်းနှီးစေတဲ့ အသွင်လေးကိုလည်း ဖော်ဆောင်ပါတယ်။ ချစ်သူနှစ်ဦးတည်း ကြည်ကြည်နူးနူးလျှောက်သွားကြတဲ့ အချိန်မျိုးမှာ ဒီလိုလေး လက်ကိုင်ဖို့အကောင်းဆုံး ဖြစ်ပါတယ်တဲ့ရှင်။
3. လက်ချောင်းလေး တစ်ချောင်းတည်းကို ဆုပ်ကိုင်နည်း
ချစ်သူရဲ့ လက်ချောင်းလေးတွေထဲက ကိုယ်နှစ်သက်တဲ့ လက်ချောင်လေး တစ်ချောင်းထဲကိုပဲ မြတ်မြတ်နိုးနိုး ဆုပ်ကိုင်ခြင်းဟာလည်း နှစ်ဦးသားကြားက ချစ်ခြင်းတရားတွေကို ပိုမိုရင်းနှီးစေပါတယ်ရှင်။ များသောအားဖြင့်တော့ လက်ညှိုးလေးတစ်ချောင်းတည်းကို ကိုင်ကြတာ တွေ့ဖူးပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းလေးကတော့ နည်းနည်းအပျော်သဘောကို ဆောင်ပါတယ်။ ပြောချင်တဲ့ ပွိုင့်က အပျော်တမ်းထားတဲ့ ရည်းစားတွေကို လက်ကိုင်တဲ့အခါ ကိုင်တဲ့နည်းလေးပါတဲ့။
4. လက်ဖ၀ါးလေးတွေကို ဖြစ်ညှစ်ကိုင်ခြင်း
ချစ်သူရဲ့ လက်ကလေးကို ရိုးရိုးတန်းတန်းကိုင်ထားရင်းနဲ့ပဲ လက်ဖ၀ါးလေးတွေကို ဖြစ်ညှစ် ဆုပ်ကိုင်ပေးခြင်းဟာ နှစ်ဦးစလုံးအတွက် စိတ်အပန်းဖြေရာ သဘောကိုလည်း ဖော်ဆောင်ပါတယ်တဲ့။ နှစ်ဦးသားကြားက ကြည်နူးစရာ အချိန်လေးတွေကို တစ်ယောက်လက်ကလေးကို တစ်ယောက်ဖြစ်ညှစ်ဆော့ကစားရင်း ကုန်ဆုံးစေနိုင်ပါတယ်။ အတူတူယှဉ်တွဲထိုင်ကြတဲ့ အခါမျိုးမှာ လက်ကိုင်ဖို့ အကောင်းဆုံးနည်းလေး ဖြစ်ပါတယ်ရှင်။
5. လက်နှစ်ဖက်လုံးဖြင့် ခပ်ဖွဖွဆုပ်ကိုင်ခြင်း
တစ်ယောက်လက်ကို နောက်တစ်ယောက်က လက်နှစ်ဖက်လုံးနဲ့ ဆုပ်ကိုင်ထားတဲ့ ပုံစံမျိုးလေးပါ။ နှစ်ဦးသား မျက်နှာချင်းဆိုင် ရပ်နေကြတဲ့အခါမျိုးမှာ ပြုလုပ်ဖို့ အကောင်းဆုံး နည်းလမ်းလေးဖြစ်တဲ့အပြင် ကိုယ့်နှလုံးသားထဲက ခွန်းအားတွေ ချစ်ခြင်းမေတ္တာတွေကို လက်သွေးကြောလေးတွေဆီကနေတစ်ဆင့် နောက်တစ်ယောက်ရဲ့ ရင်ထဲကို စီးဆင်းစေပြီး ရင်းနှီးမှုလည်း ပိုစေပါတယ်တဲ့ရှင်။ ချစ်သူကပေးတဲ့ လုံခြုံမှု၊ မြတ်နိုးမှုတွေကိုလည်း အသေအချာ ရရှိခံစားစေမှာ ဖြစ်ပါတယ်။
6. လက်ဖ၀ါးလေးတွေကို ပွတ်သပ်ကိုင်တွယ်ခြင်း
ဒါလေးကလည်း ရင်းနှီးနွေးထွေးမှု ပိုရရှိစေပြီး မရိုးမရွလေး ဖြစ်စေပါတယ်တဲ့ (ဘာလဲတော့ မသိဘူး)။ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့သူတွေ သတိမထားမိစေပဲ ချစ်သူရဲ့လက်ဖ၀ါးလေးတွေကို ပွတ်သပ်ကျီစယ်နိုင်ပါတယ်။ လက်ချောင်းလေးတွေကို အသုံးပြုပြီး သူ့ရဲ့ လက်ဖ၀ါလေးကို up and down ပွတ်သပ်ပေးခြင်းဟာလည်း အရမ်းကို romantic ဖြစ်စေပါတယ်တဲ့ရှင်။
7. လက်ကလေးကို နမ်းရှုပ်ပြီးကိုင်ခြင်း
ချစ်သူနှစ်ဦးတည်း ရှိနေကြတဲ့အချိန်မှာ လက်ကိုင်ဖို့ အကောင်းဆုံးနည်းလမ်းလေး ဖြစ်ပါတယ်။ ချစ်သူက ကိုယ့်လက်ကလေးကို နမ်းမယ့်အခိုက်မှာ ကိုယ့်လက်ကလေးတွေက သန့်ရှင်းလှပနေရင်တော့ အကောင်းဆုံးပေါ့ရှင်။
8. လက်ညှိုးနဲ့ လက်မညှပ်ပြီးလက်ကိုင်ခြင်း
ဒီနည်းလမ်းလေးက နည်းလမ်းကောင်းလေးတော့ မဟုတ်ပါဘူး။ ကိုယ့်ချစ်သူကို အလေးအနက် မထားရာရောက်ပါတယ်။ နှစ်ဦးကြားက ဆက်ဆံရေးဟာ တင်းမာ မနေဘူးဆိုရင်တော့ စိတ်လှုပ်ရှားစရာ၊ ပျော်စရာတစ်မျိုးဖြစ်မှာ မှန်ပေမယ့် အခြေအနေမကောင်းဘူးဆိုရင်တော့ ဒီနည်းလေးကို လုံးဝကို မသုံးသင့်ပါဘူးရှင်။
9. နွေးထွေးစွာ လက်ကိုင်ခြင်း
ဆိုပါတော့ အပြင်မှာရာသီဥတု သိပ်အေးနေတယ်။ လက်ဖျားလေးတွေ အေးစက်နေတယ်။ ချစ်သူနဲ့လည်း အတူရှိနေတယ်။ ဒီလိုအချိန်မျိုးမှာ တစ်ယောက်လက်ကလေးကို တစ်ယောက်ကိုင်ပြီး နွေးထွေးစေခြင်းဟာ ဘာနဲ့မှမတူတဲ့ မေတ္တာဓါတ်ကို လွှမ်းခြုံခံစားရစေမှာ ဖြစ်ပါတယ်။
10. သင်္ကေတများဖြင့် လက်ကိုင်ခြင်း
သမားရိုးကျ မဟုတ်တဲ့ လက်ကိုင်နည်းလေး ဖြစ်ပေမယ့် ဒီနည်းလေးကို အရမ်းကျွမ်းတဲ့ သူမျိုးအတွက်ကတော့ တစ်ကယ့်ကို ပျော်စရာကောင်းတဲ့ နည်းလေးဖြစ်မှာပါ။ တစ်ယောက်ကို တစ်ယောက် မြတ်မြတ်နိုးနိုးချစ်ပါတယ် ဆိုတာလေးကို လက်ကိုင်ပြီး သင်္ကေတလေးတွေနဲ့ ဖော်ဆောင်တဲ့ သဘောမျိုးလေးပါ။ ကိုယ့်ရင်ထဲက ခံစားချက်တွေကို လက်သင်္ကေတလေးတွေနဲ့ ပြောပြတာပေါ့ရှင်။ ဓါတ်ပုံအရိုက်ခံတဲ့အခါ ကျွန်မတို့လုပ်နေကျ လက်နှစ်ချောင်းထောင်တာမျိုးလေးတွေနဲ့ သဏ္ဍာန်တူပါတယ်။ လက်နှစ်ချောင်းထောင်ရင် “peace” လို့ အဓိပ္ပာယ်ရပြီး လက်မ၊ လက်ညှိုးနဲ့ လက်သန်း သုံးချောင်းထောင်ရင်တော့ ” I love you” ဆိုတဲ့ အဓိပ္ပယ်ကို အားလုံးက ပေါက်ကြတယ်လေ။ အခုနည်းလေးကလည်း အဲလိုပါပဲ။ ချစ်သူက ကိုယ့်လက်ကလေးကို သုံးခါတိတိဖြစ်ညှစ်တယ်ဆိုရင် ဒါဟာ ” I love you” လို့ အဓိပ္ပယ်ရပြီး ကိုယ်ကလည်း သူ့လက်ကလေးကို လေးခါတိတိပြန်လည် ဖြစ်ညှစ်ရင် ” I love you too” လို့ အဓိပ္ပာယ် ရပါတယ်တဲ့ရှင်။







0 comments:
Post a Comment