Friday, June 12, 2009

“လျှောက်”

အဲဒီညနေက
လျှောက်လာခဲ့တယ် . . .
ဧရာဝတီမြစ်နဒီရဲ့ကမ်းပေါ်က သစ်ပင်တန်းကို ဖြတ်သန်းတိုးဝင်လာတဲ့လေပြေထဲမှာ တမာနံ့တွေ သင်းပျံ့ပါလာတာကို သတိထားမိပါတယ် ။ ပြီးတော့
သူပြောတာကိုလဲ အမှတ်ရလာပါတယ် ။ သူက ကဗျာ ပညာရှင်ဆိုတော့ ပြောပုံက . . .
“ သူ . . . ”
“လျှောက်လာခဲ့တယ် ” . . .တဲ့။
ကိုယ်ရောစိတ်ရော နွမ်းနွမ်းကြေကြေနဲ့
အကျွမ်းမ၀င်တဲ့ ညနေရီမှာ
နေရောင်ကလဲ စိမ်းနေသလားလို့ ထင်မိတယ်
ရှေ့ကိုလှမ်းကြည့်တော့
ဖြူရော်ရော် လမ်းကလေး . . .
ဘယ်ကွေ့ရာက ညာကိုကောက်နဲ့
သြော် ဘယ်ကိုများရောက်မှာပါလိမ့် ၊ ရောက်မှာပါလိမ့် . . .
လို့တွေးရင်းတွေးရင်း
“မရေမရာ ဇဝေဇ၀ါနဲ့သွားရမည့်ခရီးရဲ့
မသေချာတဲ့ ဝေဒနာကို ရင်မှာခံစားလာရတယ် ” တဲ့၊
အဲဒီတုန်းကလဲ သူပြောဖူးပါတယ်၊
“ ဘယ်ရောက်လဲ သိအောင် ဆက်လျှောက်” လို့
“ ဆက်လျှောက်ကြည့်လိုက်ပါလား” . . .လို့

ဧရာဝတီရဲ့ သောင်စပ်ကို ဆင်းလျှောက်လာခဲ့တယ် ။
ကိုယ့်ကို အမြဲလိုလို စီးလိုက်နေတယ်လို့ ထင်ရတဲ့ ဖိနပ်ကို ချွတ်ကိုင်ရင်း လှိုင်းတွေပြန်လှည့်ဆင်းသွားတဲ့ သဲသောင်စပ် အတိုင်းလျှောက်တယ် ။
နင်းလျှောက်မိတဲ့ သဲလေးတွေက နူးညံ့ပါတယ်။ ညက်ညောပါတယ်။
ပြန်တက်လာတဲ့ လှိုင်းကလေးတွေနဲ့ ခြေအချနဲ့ထိတွေ့တော့လဲ အေးမြပါတယ်။
လှိုင်းကလေးတွေ လာလာခတ်ပေမယ့် သဲသောင်ယံက ဘာမှဖြစ်ပုံမပေါ်ပါဘူး။
လှိုင်းကလေးတွေ လာခတ်တာက သိမ်မွေ့နေလို့ ဖြစ်ပါလိမ့်မယ်။
“ ဒါပေမယ့် သိတယ်ဟုတ် ၊ ဘ၀ခရီးတစ်နေရာရာမှာ ရင်ထဲမှာသမုဒယလှိုင်းကလေးတွေ ထိခတ်လာပြီဆိုရင် အဲဒီသမုဒယလှိုင်းကလေးတွေက နုနုလှလှ ၊ ယုယုယယရှိတယ်လို့ ထင်ရပေမယ့် . . ဘ၀တစ်ခုလုံး ပြိုဆင်းကြေမွသွားနိုင်တယ် . . ”ဆိုတဲ့ သူ့စကားကို အမှတ်ရပြန်ပါတယ် ။ သူ့ကို ခတ်တဲ့ လှိုင်းတွေက သမုဒယလှိုင်း . .
တခြားသူတွေကို ခတ်တဲ့ လှိုင်းကတော့ အလိုလောဘလှိုင်းတွေ ၊ ဒေါသလှိုင်းတွေနဲ့ အမျိုးအမည်ခြားနားတဲ့လှိုင်းတွေ . . . အထိအခတ်ပြင်းတဲ့ လှိုင်းမျိုးတွေဖြစ်မှာပေါ့ ၊ ဖြစ်ချင်ဖြစ်မှာပေါ့ . . .

လျှောက်ရင်းလျှောက်ရင်း နောက်ကိုအမှတ်မထင်လှည့်ကြည့်လိုက်မိတယ်. . . .
“ထိတ်” ခနဲဖြစ်သွားတယ်၊ ရင်ထဲမှာ လှိုင်းတွေ တဖျတ်ဖျတ်ခတ်နေသလို ခံစားလိုက်ရတာတော့ အမှန်ပဲ . . .
“လျှောက်နင်းခဲ့တဲ့ ငါ့ခြေရာတွေ တစ်ခုမှ မရှိတော့ပါလား ၊ လျှောက်ခဲ့တာ အဝေးကြီး . . အဝေးကြီးလျှောက်လာခဲ့တာ . . ” ဆိုတဲ့ အတွေးနဲ့ “လျှောက်ခဲ့တဲ့ ငါ့ဘ၀ ခရီးက အဝေးကြီး ၊ ဒီဘ၀ခရီးရှည်ကြီးထဲမှာ ငါ့အတွက် အမှတ်ထင်ထင် မည်မည်ရရဆိုလို့ ဘာမှလဲမရှိပါလား ” ဆိုတဲ့
အတွေးတွေ ပေါင်းဆုံလိုက်လို့ အထိတ်တလန့် ဖြစ်သွားခဲ့တာ ၊ ရင်ထဲမှာလှိုင်းတွေခတ်နေသလို ခံစားလိုက်ရတာ . . . ဟုတ်ပါတယ် ၊ ပြန်လှည့်ပြီးတက်လာတဲ့ ရေလှိုင်းတွေက . . လျှောက်နင်းခဲ့တဲ့ ကိုယ့်ခြေရာတွေကို ပျောက်ပျောက်ကုန်အောင် ဖျက်ဖျက်သွားခဲ့ကြတာကိုး။
ဒါပေမယ့် . . .
ခြေရာတွေပျက်သွား . . ပျောက်သွားပေမယ့် လျှောက်တဲ့အထိတော့ ရောက်နေတာပဲ ၊ လျှောက်ရင်တော့ လျှောက်နိုင်သလောက် ရောက်တာပါပဲ ၊ ဖိနပ်က အခုမှ ကိုယ့်ကို တကယ်ခိုစီးပြီး ပါလာတာကိုလည်း သတိထားမိတယ်။
ဒီတစ်ခါတော့ ကိုယ့်ကိုယ်ကို ပြန်ပြီးပြောရတယ် ၊ ခြေရာမထင်ခဲ့တာတွေကို ပြန်ကြည့်ပြီး လွမ်းမောရင်း ရပ်မနေနဲ့ ၊ တွေဝေမနေနဲ့ ၊ လျှောက်ရမယ့်နေရာဆီကို “လျှောက် . . ဆက်လျှောက်” လို့။
ရှေ့ကိုလှမ်းကြည့်လိုက်တော့ စွေစောင်းနေတဲ့ နေခြည်မှာ ရွှေရည်ဝင်းနေတဲ့ မြသလွန်စေတီကို မြစ်ကမ်းပေါ်မှာ နှစ်လိုဖွယ်ရာ ဖူးတွေ့နေရတာကို အမှတ်ရနေပါတယ် ။

နန္ဒာသိန်းဇံ( တွေးချိန်ချင့်စရာ စာအုပ်မှ)
ဖိနပ်ဆိုင်တွင် ကိုချူချာ ဖိနပ်စီးကြည့်နေသည် ၊
အရောင်းသမ ကို မေးသည်။

“ဈေးဘယ်လောက်လဲ ”

“၄၀ ပါ”

“၃၀ ပဲထားပါဗျာ ၊ နှစ်ဖက် စလုံးယူသွားမယ်”
“ရှင်တို့ရုံးက ယောက်ျားတွေ မှန်သမျှ နှစ်ရက်လုံးလုံး
ကျွန်မဘက်ပဲ လှမ်းကြည့်နေကြတယ်ရှင့် ”

“ဘာဖြစ်လို့လဲ”

“တိုင်ကပ်နာရီချိတ်ထားတဲ့ အောက်က စားပွဲဆီ
မနေ့က ပြောင်းထိုင်လိုက်လို့လေ”
စိတ်ရောဂါကုဆေးရုံကို ပြန်လည်ပြင်ဆင် မွမ်းမံနေသည်။
ဆေးသုတ်သမားသည် နံရံကို ဆေးသုတ်နေသည်။
လူနာတစ်ယောက်ရောက်လာကာ ၄င်းကိုမေးသည်။

“ ခင်ဗျား ဆေးသုတ်တံကို သေသေချာချာ ကိုင်ထားရဲ့လား”
“ ကိုင်ထားပါတယ်”
“ ဒီလိုဆိုရင် လှေခါးကို ဖြုတ်လိုက်တော့မယ်နော်”
 
Hello Kitty Girl Lay © 2008. Template Design By: SkinCorner