၁)
ငါ့ကို ဘယ်အချိန်ထိ ချစ်မှာလဲ!
ညနေခင်းလေးတစ်ခု... လှပတဲ့ ဆည်းဆာနေရောင်က လောကတစ်ခွင်ကို ဖြန့်ကြက်ထားတယ်။ ရှည်လျှားတဲ့ လမ်းမထက်က စက်ဘီးလေး တစ်စီးပေါ်မှာ ကောင်လေးက ကောင်မလေးကို တင်နင်းထားတယ်။
"ငါ့ကို ဘယ်အချိန်ထိ ချစ်မှာလဲ! "
ကောင်လေးခါးကို ပွေ့ဖက်ထားတဲ့ ကောင်မလေးက ကောင်လေးကျောကို မှီပြီး ခပ်တိုးတိုးလေး မေးတယ်။ ကောင်လေးရဲ့အဖြေက ကောင်မလေး စိတ်ကျေနပ်လောက်တဲ့ အမှတ်ပြည့်အဖြေ မဟုတ်မှန်း ကောင်မလေးသိနေခဲ့တယ်။
"ချစ်စရာ စကားလေးတွေနဲ့ ဖြေဖို့ အခွင့်အရေးပေးမယ်" ကောင်မလေးက ချွဲနွဲ့ပြီးပြောတော့ ကောင်လေးက စိတ်ပါလက်ပါ စဉ်းစားလိုက်တယ်။
မီးနီနေတုန်း ကောင်လေးက ကောင်မလေးကို လက်"တစ်"ချောင်းထောင်ပြပြီး အဖြေပေးလိုက်တယ်။ ကောင်မလေးက ဝမ်းသာအားရ "တစ်သက်လုံး! " လို့ ပြောတယ်။
ကောင်လေးရီလိုက်တယ်။ ကောင်မလေးရဲ့ အပြောမှန်သွားလို့ မဟုတ်ပါဘူး။ ကောင်မလေးဆီက အပျော်တွေ ကူးစက်သွားလို့ဖြစ်တယ်။ မီးစိမ်းတော့ ကောင်လေးက စက်ဘီးကိုဆက်နင်းပြီး ကောင်မလေးကို တိုးတိုးလေး ပြောတယ်။
"နင့်ကိုငါ ဒီလိုအဖြေမျိုးပေးမှာ မဟုတ်ဘူး။ ဒီလိုအဖြေမျိုးက လူတိုင်းဖြေတတ်တဲ့အတွက် မစစ်မှန်သလိုပဲ... ပြန်စဉ်းစားကြည့်ပါအုန်း"
ကောင်လေးစကားကို ကောင်မလေးက ခေါင်းညိတ်ထောက်ခံရင်း "ဒီလိုဆိုရင် တစ်ရက်လား?"
"ဟား..ဟား ငါတို့ချစ်တာတောင် နှစ်လကျော်နေပြီ။ တစ်ရက်၊ တစ်ပတ်၊ တစ်လဆိုတဲ့ အဖြေမျိုးက မဖြစ်နိုင်ဘူးလေ"
ကောင်လေးအပြောမှာ ကောင်မလေးရောယောင် ရီရင်း " တခဏတော့ မဟုတ်ရပါဘူးနော်" လို့ အသံကျယ်ကြီးနဲ့ မေးတယ်။
ကောင်မလေးအပြောကြောင့် စက်ဘီးလဲမတတ် ကောင်လေးအော်ရီမိတယ်။ ကောင်မလေးရဲ့ ဒီလို ရွတ်နောက်နောက်အပြောနဲ့ ကြည်လင်တဲ့ ရယ်သံတွေကို ကောင်လေး အရမ်းချစ်ခဲ့တယ်။ ကောင်မလေးရဲ့လက်ကို ကောင်လေးတင်းတင်းလေး ဆုတ်ကိုင်ထားလိုက်တယ်။
"ဒီလိုဆိုရင် တစ်နှစ်လား?" ကောင်လေး ခေါင်းခါပြလိုက်တယ်။
"ဒီလိုဆိုရင် နှစ်တစ်ရာကွာ... ငါ့ကို နှစ်တစ်ရာချစ်ရင် ရပြီ" ကောင်မလေးက စိတ်မရှည်ဘဲ ပြောနေပေမယ့် မျက်နှာပေါ်မှာ အပျော်ရိပ်တွေ သမ်းနေခဲ့တယ်။
"နှစ်တစ်ရာ! မတိုလွန်းဘူးလားကွာ.. နှစ်တစ်ရာနဲ့ ငါနင့်ကို ချစ်လို့ မဝနိုင်ဘူး" ကောင်လေးရဲ့ စကားလက်နက်က ကောင်မလေးရဲ့နှလုံးသားထဲ စူးစူးနစ်နစ် ထိုးစိုက်သွားတယ်။ ကောင်မလေးရဲ့ တိုးညှင်းညှင်းရီသံက ကောင်လေးကို မီးနီဖြတ်မောင်းရဲတဲ့ အင်အားတွေ ပေးခဲ့တယ်။
"အဖြေကို သိချင်ပြီလား?" ကောင်လေး ဖြေချင်နေပြီ။
"ငါ့ကို ဘယ်အချိန်ထိ ချစ်မှာလဲ?" ကောင်မလေးလည်း အဖြေကို ကြားချင်နေပြီ။
ကောင်လေးက လက်တစ်ချောင်းထောင်ပြရင်း "နင်ငါ့ကို မချစ်တော့တဲ့ တစ်နေ့အထိ ငါချစ်နေမယ်"
ကောင်လေးစကားကြောင့် ကောင်မလေး ငေးငိုင်သွားခဲ့ရတယ်။
နင်ငါ့ကို မချစ်တော့တဲ့ တစ်နေ့အထိ ငါချစ်နေမယ်!
အဲဒီတစ်နေ့က ဘယ်လောက်ကြာနိုင်မလဲ? တိုနိုင်သလို ၊ ရှည်နိုင်တယ်။ ထာဝရ၊ တခဏလဲ ဖြစ်နိုင်ပေမယ့် တိကျတဲ့ အဖြေဖြစ်ခဲ့ပါတယ်။
၂)
အချစ်
အချစ်ဆိုတဲ့ အရာက လူကို ပျော်ရွှင်မှုတွေ သယ်ဆောင်ပေးသလား?
စိတ်ပျက်ဝမ်းနည်းစရာတွေ ယူဆောင်ပေးသလား?
ချစ်ခဲ့ဖူးတဲ့ အချစ်တွေ ချိုမြိန်ခဲ့သလား? ခါးသက်ခဲ့သလား?
အချစ်အတွက် တိကျတဲ့အဖြေ မရှိခဲ့ပါဘူး...
အချစ်ကို သိချင်နေတဲ့ လူငယ်တစ်ယောက်ဟာ အဖြေရှာဖို့ ထွက်လာခဲ့တယ်။ လမ်းမှာ အသဲကွဲနေတဲ့ မိန်းမငယ်တစ်ယောက်ကို တွေ့လို့ မေးတော့ "အချစ်က လူကို နာကျင်စေလွန်းတယ်။ အချစ်က ငါ့အနားကနေလည်း ထွက်သွားရော ငါ့ဝိညာဉ်တွေပါ ယူသွားခဲ့တယ်" လို့ ပြန်ဖြေခဲ့တယ်။
လူငယ်ဟာ ရှေ့ဆက်သွားပြီး တစ်နေရာမှာ ချစ်သူနှစ်ယောက်ကို တွေ့တော့ မေးပြန်တယ်။ ချစ်သူနှစ်ယောက်က မတိုင်ပင်ဘဲ " အချစ်က လူကို သိမ့်မွေ့နူးညံ့စေတယ်။ မျှော်လင့်ချက်တွေ၊ စိတ်ကူးအိပ်မက်တွေ ပေးတယ်။ အဲဒီစိတ်ကူးကို ကျွန်တော်တို့ အကောင်အထည် ဖော်ကြတော့မယ်" လို့ ပြိုင်တူ ဖြေခဲ့ကြတယ်။
မတူညီတဲ့ အဖြေတွေ ကြားပြီးနောက် လူငယ်ဟာ လက်ရှိ ရှင်သန်နေတဲ့အချိန်၊ လက်ရှိ ဖြစ်ပျက်နေတဲ့ အခြေအနေမှာ အရာရာကို အကောင်းမြင်သူတွေက ဘယ်အရာကိုမဆို ကြည်ကြည်နူးနူး ခံစားကြပြီး အရာရာကို အဆိုးမြင်သူတွေက ဘယ်အရာကိုမဆို ခါးသက်တယ်လို့ ခံစားနေကြရတယ်လို့ မှတ်ချက်ချလိုက်တယ်။
ကိုယ်သိချင်တဲ့ အဖြေကို သိခဲ့ပြီလို့ ထင်ပြီး လူငယ်ဟာ နေအိမ်ကို လှည့်ပြန်ခဲ့တယ်။ လမ်းမှာ အဘိုးအိုတစ်ဦးနဲ့ တွေ့ပြန်တယ်။ ဒါနဲ့ လူငယ်က အဘိုးအိုကို ထပ်မေးလိုက်ပြန်တယ်။
အဘိုးအိုက..
"ပြီးဆုံးခဲ့တဲ့ အချစ်အတွက် ထိခိုက်မနေပါနဲ့၊
ရှိခဲ့ဖူးတဲ့ အချစ်အတွက် ပြုံးလိုက်ပါ" လို့ အချစ်ကို ဖွင့်ဆိုလိုက်တယ်။
၃)
အချစ် တန်ဖိုး
"မောင် ဒီနေ့ ပြန်လာဖို့ အချိန် တကယ်မမီတော့ဘူးလားဟင်" တံခါးဝထိ လိုက်ပို့တဲ့ ဇနီးက မျှော်လင့်ချက် မျက်လုံးနဲ့ သူ့ကိုမေးတယ်။
"ဒီဧည့်သည်က အရေးကြီးတယ်။ မောင်တို့ ဟိုမှာပဲ တည်းဖြစ်လိမ့်မယ်။ မောင့်ကို မစောင့်နဲ့တော့.. မနက်ဖြန်မှပဲ မောင်တို့ထပ်ကျင်းပကြတာပေါ့"
"ဟုတ်ကဲ့ပါမောင်.. ကားကို သတိထား မောင်းအုန်းနော်"
သူမကို သူတစ်ချက်နမ်းလိုက်တယ်။ သူ့အလုပ်အိတ်ကို သူမကားပေါ် တင်ပေးလိုက်တယ်။ ဒီနေ့က သူနဲ့သူမရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့ ဖြစ်တယ်။ သူမကို သူစတွေ့တုန်းက သူမရဲ့ ဖျတ်လတ်မှု၊ အလုပ်အကိုင် ကြိုးစားမှု၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်မှု၊ စိတ်သဘောထား နူးညံ့သိမ်မွေ့မှုတွေက သူ့ကို ဖမ်းစားခဲ့တယ်။ ဒီနေ့အထိ သူမကို လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ သူ့ဆုံးဖြတ်ချက်တွေ မှန်ခဲ့တယ်ဆိုတာ သက်သေပြနေပါတယ်။
သူမဟာ ကုန်သည်ရဲ့ ဇနီးကောင်းတစ်ဦးအဖြင့် တာဝန်ကျေခဲ့ပါတယ်။ သူ့အတွက် စိတ်ဓာတ်ခွန်အားတွေ အားပေးကူညီသူဖြစ်ခဲ့တယ်။ မကြာခဏ သူခရီးထွက်နေရလို့ အိမ်တာဝန်ကို တစ်ဦးတည်း ထိန်းသိမ်းခဲ့သူဖြစ်တယ်။ သားနှစ်ယောက်ကလည်း လိမ္မာရေးခြား ရှိလှတယ်။ သားလေးတွေ မွေးတုန်းက သူမ အနားမှာ သူမရှိနိုင်ခဲ့ဘူး။ ဒါကြောင့် ဒီဘဝမှာ သူတို့အတွက် အရေးကြီးတဲ့ နေ့ရက်ဆိုလို့ မင်္ဂလာနှစ်ပတ်လည်နေ့နဲ့ သူမ ဆုံးတဲ့နေ့ဖြစ်တယ်။ အဲဒီနှစ်ရက်ကို သူမပျက်မကွက် တက်ရမယ်လို့ သူ့ကို သူမ မကြာခဏ စနောက်တတ်တယ်။
သူမရဲ့ အစအနောက်ကို သူ ဂရုမစိုက်ခဲ့မိဘူး။ ခါတိုင်းလိုပဲ သူ့စိတ်ကူး အိပ်မက်တွေအတွက် အလုပ်တွေနဲ့ ရှုပ်နေခဲ့တယ်။ သူ့စိတ်ကူးအိပ်မက်၊ သူ့ရည်မှန်းချက်နဲ့ သူ့သတ္တိကို သူမအစကတည်းက နားလည်ခဲ့ပါတယ်။ ဒီလောကမှာ သူမဟာ သူ့ကို နားလည်မှု အပေးဆုံးလို့လည်း သူသိထားတယ်။ သူ့ကြိုးစားမှုတွေက သူမအတွက်၊ မိသားစုအတွက်ဆိုတာ သူမ သဘောပေါက်ခဲ့ရင် ဒီညနှစ်ပတ်လည်နေ့မှာ သူပျက်ကွက်ခဲ့တာကို သူမခွင့်လွတ်လိမ့်မယ်လို့ သူယုံကြည်မိတယ်။
ကုမ္ပဏီသွားတဲ့ လမ်းတစ်နေရာမှာ ပန်းအရောင်းဆိုင် တစ်ဆိုင်ကို သူတွေ့လိုက်တယ်။ ကားရပ်ပြီး သူမကြိုက်တဲ့ နှင်းဆီနီကို ၇ ဒါဇင်မှာလိုက်တယ်။ နှင်းဆီတစ်ပွင့်က တစ်လကိုယ်စားပြုတယ်။ ၇နှစ်အတွက် နှင်းဆီပန်းတွေမှာပြီး နေအိမ်လိပ်စာကဒ် ထုတ်ပေးလိုက်တယ်။ သူ့ကိုယ်စား သူမအတွက် ပန်းဆိုင်က သွားရောက်ပို့ပေးဖို့ဖြစ်တယ်။ ပန်းမှာပြီး သူလှည့်အထွက် တံခါးဝမှာ ပန်းအိုးတစ်လုံး ကိုင်ထားတဲ့ အဘိုးအိုတစ်ဦးနဲ့ တိုက်မိခဲ့တယ်။
" ဟာ.. အဘိုး... ဆောရီးပါ။ ဘယ်နား နာသွားပါသလဲ?"
ပျာပျာသလဲ တောင်းပန်တဲ့ သူ့ကို အဘိုးအို ဂရုမစိုက်ဘဲ လက်ထဲ လွတ်ကျခါနီးတဲ့ ပန်းအိုးကိုပဲ အလျှင်အမြန် စစ်ဆေးနေတယ်။
"တော်သေးတယ် .. တော်သေးတယ်။ ဘုရားသခင် ကယ်ပေလို့ ဒီစပယ်ပန်းအိုးလေး ကွဲမသွားတာ" အဘိုးအို တိုးတိုးလေး ရေရွတ်နေတယ်။
"အဘိုး.. အဆင်ပြေလား? ဆေးရုံ လိုက်ပို့စရာလိုပါသလား?" သူထပ်မေးလိုက်ပြန်တယ်။
အဲဒီအချိန်ကျမှ အဘိုးအိုက "မလိုဘူး.. ငါ့သား မလိုဘူး။ အဘိုးအရိုးတွေ မာနေသေးတယ်။ ဘာမှမဖြစ်လောက်ဘူး။ ဒီပန်းက အဘိုးမိတ်ဆွေ စိုက်ထားတာ။ အဘိုးမိန်းမက စပယ်ပန်း ကြိုက်တတ်မှန်းသိလို့ လက်ဆောင်ပေးထားတာ။ သူ့ကို အဘိုး မြန်မြန်ယူသွားပြရမယ်။ ဒီနေ့က အဘိုးတို့ရဲ့ ၄၅နှစ်ပြည့် နှစ်ပတ်လည်နေ့လေ။ သူ့အရမ်းပျော်မှာပဲ"
ပြောပြောဆိုဆို ထွက်သွားတဲ့ အဘိုးအိုရဲ့နောက်ကျောကို သူငေးနေမိတယ်။ အသက်အရွယ် အိုမင်းခဲ့ပေမယ့် သူ့ဇနီးအပေါ်ထားတဲ့ ခံစားချက်၊ သံယောဇဉ် မေတ္တာတွေက ပြည့်နှက်နေဆဲပါလား...
ကုမ္ပဏီဝင်ပြီး ညနေမှာ ဧည့်သည်နဲ့ ချိန်းထားတဲ့နေရာကို သူထွက်လာခဲ့တယ်။ ကားအသွားအလာရှင်းပြီး လမ်းတွေ မပိတ်ခဲ့ပေမယ့် လမ်းဘေးသင်္ချိုင်း တစ်နေရာက မြင်ကွင်းတစ်ခုက သူ့ကားကို ရပ်တန့်စေခဲ့တယ်။ ပန်းအရောင်ဆိုင်ရှေ့က သူတိုက်ခဲ့မိတဲ့ အဘိုးအိုမှာ အုတ်ဂူတစ်လုံးရှေ့ ထိုင်ပြီး မြက်တွေရှင်းနေတာကို တွေ့လိုက်မိတယ်။ စပယ်ပန်းအိုးကို အုတ်ဂူပေါ်မှာ တင်ထားတာ တွေ့လိုက်တယ်။
သူ ဘာမှ စဉ်းစားမနေတော့ဘဲ ကားကို ပြန်ကွေ့လိုက်တယ်။ ပန်းဆိုင်ရှေ့ ကားရပ်ပြီး ဆိုင်ထဲ သူအပြေးဝင်သွားခဲ့တယ်။
"ကျွန်တော်မှာထားတဲ့ပန်း ပို့လိုက်ပြီလား ခင်ဗျာ"
"မပို့ရသေးပါဘူး"
"ဒါဆို ကျွန်တော်ကိုယ်တိုင်ပဲ ယူသွားပါ့မယ်"
ကိုယ့်အနားရှိနေချိန်မှာ တန်ဖိုးထားရကောင်းမှန်း မသိဘဲ ဆုံးရှုံးသွားမှ လူတွေက နှမြောတတ်ကြတယ်။ ဒီလို နှမြောခြင်းတွေ ကိုယ့်ဆီမှာ မဖြစ်ပွါးဖို့ ဘယ်လောက်ပဲ ပင်ပန်းနေပါစေ၊ အလုပ်များနေပါစေ ကိုယ့်ချစ်တဲ့သူအတွက် အချိန်တစ်ချိန် ချန်ထားပေးဖို့ မမေ့သင့်ပါဘူး။ ဘဝဆိုတာ နောက်တစ်ကြိမ် ထပ်လာလို့ မရနိုင်ပါဘူး။ နောင်ဘဝ.. နောင်ဘဝသာရှိခဲ့ရင် ဒီထက်ပိုချစ်ပြမယ်လို့ ဂတိတွေပေးနေမယ့်အစား ဘာဖြစ်လို့ ဒီဘဝမှာ ကောင်းကောင်းတန်ဖိုးထားပြီး မချစ်ကြသလဲ? ရွေးချယ်မှုတွေ များနေလို့လား? ရွေးချယ်မှုတွေ များနေခဲ့လို့ပဲ ဘယ်သူ၊ ဘယ်အရာကို တန်ဖိုးထား ချစ်ရမယ်မှန်းမသိဘဲ တွေဝေခဲ့လို့လား?
နုတ်ထွက်စာနှင့် ပြန်ကြားစာ
၎)
သို့ /
အကြောင်းအရာ။..........။ ချစ်သူရာထူးမှ နုတ်ထွက်ခြင်း
ကျွန်တော်မျိုး တာဝန်ထမ်းဆောင်သည့် တစ်နှစ်သာကာလအတွင်း သခင်အပါး အမြဲခစား လေ့လာသင်ယူခဲ့၏။ အမိန့်တော် နာခံခဲ့၏။ သခင့်အလို အမြဲဖြည့်ဆည်းခဲ့၏။ နေကောင်းကျန်းမာပါသလားဟု အမြဲ မေးမြန်းလျှောက်တင်ခဲ့ရ၏။
တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း အချစ်ခံရသူအဖြစ် သခင်ခံစားစေရန် ကျွန်တော်မျိုးမှာ စောင့်စားခြင်း၊ ကြိုပို့ခြင်း၊ အဖော်လုပ်ခြင်း စသည် အလုပ်များကို လုပ်ခဲ့သည့်အပြင် သခင်ဝယ်သမျှ အသပြာလိုက်လံ ပေးဆပ်ခဲ့ရ၏။ သခင်စိတ်တော် မညိုးနွမ်းအောင် မကြာခဏ လက်ဆောင်ပဏ္ဍာ ဆက်သရ၏။
ချစ်သူဟူသော တာဝန်ကို ထမ်းဆောင်စဉ် စိတ်နှလုံးကြီးမြတ်ရ၏။ နွေးနွေးထွေးထွေး ဆက်ဆံရ၏။ ဂရုတစိုက် ယုယရ၏။ တစ်ခြားအမျိုးသားများနှင့် သခင်စကားလက်ဆုံကျလျှင် (သို့) သူတို့ကိုတော်ကြောင်း၊ တတ်ကြောင်း သခင်ချီးကျူးလျှင် မနာလို ဝန်တိုစိတ်မရှိရ။
တာဝန်ထမ်းဆောင်နေစဉ် အမှားလုပ်ခဲ့မိလျှင်သော် လည်းကောင်း၊ သခင်နှင့် အငြင်းပွားမိလျှင်သော် လည်းကောင်း ကျွန်တော်မျိုးအား အလုပ်ထုတ်ရန် သခင်အမိန့်ချ ဆုံးဖြတ်ခဲ့သော်လည်း နောင်နောက် ၄င်းအမှားမျိုး မလုပ်မိအောင် ကျွန်တော်မျိုး ဆင်ခြင်ပါ့မည်ဟု ဝန်ခံဂတိပေးပြီး ဤတာဝန်ကို ဆက်လက်ထမ်းဆောင်ခဲ့၏။
တစ်နှစ်သာကာလအထိ ဤတာဝန်ကို ဆက်လက်ထမ်းဆောင်နိုင်အောင် အခွင့်အရေးပေးခဲ့သော သခင်အား ကျေးဇူးတင်လှပါသည်။
သို့သော် ဤတာဝန်သည် ကျွန်တော်မျိုးနှင့် မအပ်စပ်လှသောကြောင့် ကျွန်တော်မျိုးအား သူငယ်ချင်းအဆင့်သို့ လျှော့ချပေးပါရန် တောင်းဆိုလျှောက်တင်ပါသည်။
သူငယ်ချင်းများနှင့် ရယ်ရယ်မောမော သခင်ပျော်ပါး၏။ မကြာခဏ သူတို့နှင့် သခင် တွေ့ဆုံစားသောက်၏။ ထိုသူငယ်ချင်းများကို ကျွန်တော်မျိုး အားကျပါသည်။ သူငယ်ချင်း တာဝန်မှာ သခင့်အပါး အမြဲခစားစရာ မလို။ ယခုဖုန်းဆက် ယခုအပါးတော် ရောက်စရာမလို။ ကြိုပို့စရာ မလို။ ငွေရှင်းစရာ မလို။ လက်ဆောင်ပဏ္ဍာ ဆက်သရန် မလို။ သခင် မျက်ကွယ်ပြုမှု ခံစရာမလို။ နေခြည်ပမာ ကြည်လင်သော သခင့်အပြုံးကို သူတို့ အမြဲ ဖူးမြင်ရ၏။ ချိုသာသော သခင့်စကားကို သူတို့နားဆင်ရ၏။
သို့သော် ချစ်သူတာဝန်ကို ထမ်းဆောင်ထားရသော ကျွန်တော်မျိုး၏ တာဝန်မှာ တစ်နေ့တစ်ခြား ကြီးလေးလာသည့်အပြင် ကောင်းမွန်သော ဆက်ဆံမှုမျိုး မရရှိခဲ့၊ ထိုကဲ့သို့ ချစ်ခင်နှစ်လိုသော စကားများ မကြားခဲ့ရ၊ သူငယ်ချင်းထက်ပိုသော ဂရုစိုက်မှုမျိုး မခံစားခဲ့ရ၊ လက်ဆောင်ပဏ္ဍာ ပေးသနားခြင်းလည်း မရှိခဲ့၊........ ၊ ......
ထို့ကြောင့် ချစ်သူရာထူးမှ နုတ်ထွက်ပြီး သူငယ်ချင်းအဆင့်သို့ လျှော့ချပေးပါရန် အနူးအညွှတ် တောင်းဆိုအပ်ပါသည်။
လေးစားစွာဖြင့်
သခင့်အပေါ် သစ္စာရှိရှိ တာဝန်ထမ်းဆောင်ခဲ့သော
ဝန်ထမ်းတစ်ဦး
၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉ ၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉
သို့ /
အကြောင်းအရာ။.........။ ရာထူးနုတ်ထွက်သူအား ပြန်ကြားစာ
ချစ်သူရာထူးမှ နုတ်ထွက်ပြီး သူငယ်ချင်းအဆင့်သို့ လျှော့ချပေးရန် လျှောက်တင်ထားသော အသင်၏ စာအား ဖတ်ရှုပြီးနောက် အထက်လူကြီး အုပ်ထိန်းသူမိဘများနှင့် အစည်းအဝေးပြုလုပ်ခဲ့သည်။ ရှင်းလင်းချက်မှာ အောက်ပါအတိုင်းဖြစ်သည်။
အသင်လာရောက် တွေ့ဆုံမေးမြန်းစဉ်က ချစ်သူဟူသည့် တာဝန်ဖြစ်သည်။ သူငယ်ချင်း မဟုတ်ဟု အလုပ် စလျှောက်စဉ်က အသင်တောင်းဆိုခဲ့သည်။ အသင်အား စမ်းသပ်ကာလမှာပင် အသင်၏ တာဝန်ယူညံ့ဖျင်းမှုကြောင့် အလုပ်ထုတ်ခံရလုနီးနီး ဖြစ်ခဲ့သော်လည်း ကြိုးစားစွမ်းဆောင်ပြီး အမှုတော်ထမ်းပါမည်ဟု အသင်၏ ဝမ်းနည်းပက်လက်တောင်းဆို ဝန်ခံဂတိပေးမှုကြောင့် ဤရာထူးကို ခန့်အပ်ခဲ့သည်။
ချစ်သူဟူသည်မှာ အချိန်ပြည့် အလုပ်ဖြစ်သည်။ အချိန်ပိုင်းအလုပ်ဖြစ်သည့် သူငယ်ချင်းနှင့်မတူပေ။ ထို့ကြောင့် အလုပ်တာဝန်မှာ သူငယ်ချင်းထက် ပိုများရခြင်းဖြစ်သည်။ ထို့အတူ လစာနှင့် ခံစားထိုက်သည့် အခွင့်အရေးမှာလည်း သူငယ်ချင်းထက် ပိုခဲ့သည်။ ဥပမာ- ပွေ့ဖက်ခြင်း၊ နမ်းရှုံ့ခြင်း၊ အထက်အကြီးအကဲ မိဘများနှင့် ညစာအတူစားခြင်း ... စသည့်စသည့် အခွင့်အရေးများအပြင် အဘိုး၊ အဖေ၊ လင်ယောက်ျားအဖြင့်သို့ ရာထူးတက်နိုင်သေးသည်။ ဤသည်မှာ သူငယ်ချင်းများ လုံးဝမရနိုင်သော အခွင့်အရေးဖြစ်သည်။
နောက်ဆုံးပြောကြားလိုသည်မှာ ယခုလက်ရှိ သူငယ်ချင်းနေရာတွင် နေရာလွတ် မရှိသေးပေ။ ချစ်သူနေရာကိုလည်း လစ်ဟင်းထား၍မဖြစ်။ ထို့ကြောင့် ချစ်သူနေရာတွင် လူစားရှာမရသရွေ့ (သို့) တာဝန်ထမ်းဆောင်လိုသူ မရှိသရွေ့ အသင်အား အရံနေရာသို့ ပြောင်းရွေ့ထားမည်ဖြစ်သည်။ အရံဟူသည်မှာ သခင့်အပါး နေ့တိုင်းခစားစရာ မလိုသောကြောင့် တာဝန်နှင့်ဖိစီးနေသော အသင့်စိတ်အား ခေတ္တခဏ ဖြေဖျောက်နိုင်သည်။
ချစ်သူ့တာဝန်အား လွဲပြောင်းသူပေါ်လာမှ အသင့်အား လိုအပ်သည့်နေရာ - ဥပမာ- သူငယ်ချင်းနေရာသို့ ပြောင်းရွေ့ပေးမည်။ သို့မဟုတ် အသင်သဘောနှင့် အသင် လုံးဝထွက်ခွာမည်ဆိုလည်း ရ၏။ ကိုယ့်သဘောနှင့်ကိုယ် ထွက်ခွာခြင်းသည် လျှော်ကြေးမရကြောင်း အသိပေးအပ်ပါသည်။
ဤတစ်နှစ်သာ ကာလအတွင်း အသင်၏ကြိုးစားမှုအား ကျေးဇူးတင်ပါသည်။
အထက်မိဘ လူကြီးများကိုယ်စား
အဖွဲ့ဝင်တစ်ဦး
၅)
ဘ၀နဲ့ အချစ်
ဘ၀ဆိုတာ လမ်းမရှည်ကြီးတစ်ခုနဲ့ တူတယ်။ အဲဒီလမ်းက မသိခြင်း၊ အံ့သြခြင်းတွေနဲ့ ပြည့်နှက်နေတယ်။
ဘ၀ဆိုတာ ရွေးချယ်မှု ပုဒ်စာနဲ့တူတယ်။ ရွေးချယ်တာနောက်လိုက်ပြီး ကြုံတွေ့တာတွေ ကွာခြားသွားတယ်။
ဘ၀ဆိုတာ ပြိုင်ပွဲတစ်ခုနဲ့တူတယ်။ အနိုင်အရှုံးက အရေးမကြီးဘူး။ အဓိကက ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံပဲ။
ဘ၀ဆိုတာ ရေနွေးကြမ်းတစ်ခွက်နဲ့ တူတယ်။ သောက်စမှာ ခါးသက်ပေမယ့် ဇိမ်ခံသောက်ကြည့်ရင် ချိုမြမြ အရသာကို နောက်ဆုံးမှာ ခံစားရတယ်။
ဘ၀ဆိုတာ ပြဇာတ်တစ်ပုဒ်နဲ့တူတယ်။ လူတစ်ချို့က ကိုယ့်ကိုယ်ကို ထွန်းတောက်အောင် သရုပ်ဆောင်တတ်ပေမယ့် တစ်ချို့က အရံအဖြစ်နဲ့သာ တစ်သက်လုံး သရုပ်ဆောင်ကြတယ်။
ဘ၀ဆိုတာ လှိမ့်နေတဲ့ ကျောက်ခဲတစ်လုံးနဲ့တူတယ်။ ငယ်ရွယ်စဉ် ချွန်ထက်နေတဲ့ ကျောက်ခဲမှသည် အိုမင်းချိန် လုံးချောတဲ့ ကျောက်ခဲအဖြစ်သို့ လှိမ့်နေရတယ်။
ဘ၀ဆိုတာ ၀င်္ကဘာတစ်ခုနဲ့တူတယ်။ ထွက်လမ်းတွေကို မပြတ်ရှာရင်း ကိုယ်နဲ့သင့်တော်မယ့်လမ်း တစ်ခုကို ရှာကြရတယ်။
အချစ်ဆိုတာ ပူနွေးမွေးကြိုင်နေတဲ့ ကော်ဖီတစ်ခွက်နဲ့တူတယ်။ အေးသွားတာနဲ့ ခါးသက်သွားတယ်။
အချစ်ဆိုတာ ဂွမ်းထဲမှာ အပ်စိုက်ထားသလိုပဲ။ အကိုင်မတတ်ရင် ကိုယ့်ကိုယ်ပြန်စူးစေတယ်။
အချစ်ဆိုတာ သဲနဲ့တူတယ်။ တင်းတင်းဆုပ်ကိုင်ထားလေလေ သဲတွေက လက်ထဲကနေ ထွက်ကျလေလေပဲ။
အချစ်ဆိုတာ မာရသွန်ပြေးနေတာနဲ့တူတယ်။ တာထွက်ကောင်းပေမယ့် တာဝင်လိမ့်မယ်လို့ တစ်ထစ်ချပြောလို့ မရဘူး။
အချစ်ဆိုတာ ကြိုးထိန်းတဲ့ လက်နဲ့တူတယ်။ ကိုယ့်ကိုယ်ကို ရုပ်သေးရုပ်တစ်ရုပ် ဖြစ်ချင်ခဲ့ပြီး လက်ရဲ့ ကြိုးဆွဲရာနောက်သာ လိုက်ကချင်ခဲ့တယ်။
နှိုင်းနှိုင်းစနေကရတာလေးတွေပါ။



0 comments:
Post a Comment